အမှတ် – ၃/၂၀၂၆
၁၃၈၈ ခုနှစ် နယုန်လဆုတ် ၃ ရက်၊ အင်္ဂါနေ့ (၀၂-၀၆-၂၀၂၆)
စေတနာ အာရက္ခပြည်သူ အကျိုးပြုဆေးခန်းတွင် ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှစတင်၍ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ကိုဝင်းဘူ (ခ) ကိုဝင်းမောင်သိန်း၊ အသက် ၄၃ နှစ်သည် ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ဆိုင်ကယ်နှင့် မော်တော်ယာဉ် တိုက်မိသည့် မတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့ပါသည်။ ထိုသို့ ကွယ်လွန်သွားခြင်းအတွက် စေတနာ အာရက္ခပြည်သူ အကျိုးပြုဆေးခန်း မိသားစုတစ်ရပ်လုံးမှ အထူးပင် ဝမ်းနည်းကြေကွဲရပါသည်။

ကိုဝင်းဘူ (ခ) ကိုဝင်းမောင်သိန်းသည် ဆေးခန်း၏ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လူနာများအပေါ် စေတနာမေတ္တာအပြည့်ဖြင့် ကူညီစောင့်ရှောက်ခဲ့ပြီး လုပ်ငန်းတာဝန်များကို တာဝန်ယူမှု၊ ဇွဲလုံ့လနှင့်အတူ ကျေပွန်စွာ ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။ ထို့ပြင် စစ်ဘေးရှောင်ပြည်သူများ၏ အရေးကိစ္စများတွင်လည်း ကိုယ်ကျိုးမဖက်ဘဲ စိတ်အားထက်သန်စွာ ပါဝင်ကူညီဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပါသည်။
ကွယ်လွန်သူ၏ ရိုးသားဖြောင့်မတ်မှု၊ စေတနာထားမှု၊ ပရဟိတစိတ်ဓာတ်နှင့် ပြည်သူ့အကျိုး၊ လူမှုအကျိုးများအတွက် ဆောင်ရွက်ခဲ့သည့် လုပ်ရပ်များကို ဆေးခန်းမိသားစုဝင်များသာမက အာရက္ခဒေသအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၊ ဒေသခံပြည်သူများနှင့် ပြည်တွင်းပြည်ပ အလှူရှင်များကလည်း အမြဲအမှတ်ရနေကြမည် ဖြစ်ပါသည်။ ၎င်း၏ ကောင်းမွန်သော လုပ်ဆောင်ချက်များနှင့် စေတနာများကိုလည်း မမေ့နိုင်ဘဲ လေးစားစွာ မှတ်တမ်းတင်ထားကြမည် ဖြစ်ပါသည်။
၎င်း၏ ကွယ်လွန်မှုသည် ဆေးခန်းအတွက်သာမက မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေများနှင့် သိကျွမ်းသူအားလုံးအတွက် အစားထိုး၍မရနိုင်သော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ပါသည်။
စေတနာ အာရက္ခပြည်သူ အကျိုးပြုဆေးခန်းမှ ကျန်ရစ်သူ မိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ကွယ်လွန်သူ ကိုဝင်းဘူ (ခ) ကိုဝင်းမောင်သိန်း၏ ကောင်းမှုကုသိုလ်များကြောင့် ကောင်းရာသုဂတိဘုံသို့ ရောက်ရှိနိုင်ပါစေကြောင်း စေတနာ အာရက္ခပြည်သူ အကျိုးပြုဆေးခန်း၏ အဖွဲ့သားများနှင့်တကွ အာရက္ခပြည်သူများကိုယ်စား ဆုမွန်ကောင်းတောင်းအပ်ပါသည်။
စေတနာ အာရက္ခပြည်သူ အကျိုးပြုဆေးခန်း