အမှတ် — ၄/၂၀၂၆ / ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆုတ် ၉ ရက်၊ တနင်္လာနေ့ (၅.၁၀.၂၀၂၆)
စေတနာ အာရက္ခပြည်သူအကျိုးပြုဆေးခန်းအား ဗုံးကြဲတိုက်ခိုက်မှုအပေါ် သဘောထားထုတ်ပြန်ခြင်း
စေတနာ အာရက္ခပြည်သူအကျိုးပြုဆေးခန်းအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ အောက်ပါအတိုင်း သဘောထားထုတ်ပြန်အပ်ပါသည်။
စေတနာ အာရက္ခပြည်သူအကျိုးပြုဆေးခန်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီပေးနေသူ (ဦးဝင်းမောင်သိန်း) နှင့် ဒေါ်စိုးမိုးစံတို့၏ သမီးဖြစ်သူ၊ ဆေးခန်းမှ စာသင်ကြားပေးထားသည့် ၁၂ တန်းကျောင်းသူ မခိုင်သဇင်စိုးသည် အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးခေါင်း၌ စိုးရိမ်ရသည့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး နောက်ဆုံးတွင် အသက်ဆုံးရှုံးခဲ့ရပါသည်။
ထို့အပြင် အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးခန်းအတွင်းရှိ ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ဆေးပေးခန်းများ၊ လူနာဆောင်များနှင့် ဝန်ထမ်းများ အသုံးပြုသည့် အဆောင်များပါ ပျက်စီးဆုံးရှုံးခဲ့ပါသည်။
ဆေးခန်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှု
စေတနာ အာရက္ခပြည်သူအကျိုးပြုဆေးခန်းသည် အာရက္ခတပ်တော် ULA/AA အစိုးရမှ ဖွင့်လှစ်ထားသည့် ဆေးခန်းတစ်ခု မဟုတ်ပါ။
အဆိုပါဆေးခန်းသည် အာရက္ခပြည်အတွင်း စစ်ဘေးဒဏ်ကြောင့် အခက်အခဲများ ကြုံတွေ့နေရသည့် စစ်ဘေးရှောင်ပြည်သူများအား လူမျိုး၊ ဘာသာမရွေး အခမဲ့ ဆေးကုသမှုပေးရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် လူမှုကူညီရေးဆေးခန်းတစ်ခု ဖြစ်ပါသည်။
ဆေးခန်း၏ လုပ်ငန်းများကို ပြည်ပရှိ စေတနာ့ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် စေတနာ အာရက္ခပြည်သူအကျိုးပြုဆေးခန်း ရန်ပုံငွေရှာဖွေရေးအသင်း၏ အသင်းသူ၊ အသင်းသားများ၊ တစ်ဦးချင်းအလှူရှင်များနှင့် အသင်းအဖွဲ့အစည်းများမှ လှူဒါန်းသည့် ငွေကြေးများဖြင့် ရပ်တည်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။


ဆေးခန်း ယာယီပိတ်ထားသည့် အခြေအနေ
ဆေးခန်းသည် လက်ရှိစစ်ရေးအခြေအနေများကြောင့် ယာယီပိတ်ထားသည်မှာ နှစ်လကျော် ကြာမြင့်နေပြီဖြစ်ပါသည်။ ထို့ကြောင့် ဗုံးကြဲတိုက်ခိုက်ခံရသည့်အချိန်တွင် ဆေးကုသမှုခံယူနေသည့် လူနာများ မရှိခဲ့ပါ။
သို့သော် ဆေးခန်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းသဘောသဘာဝအရ ယင်းနေရာသည် အရပ်သားပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရည်ရွယ်ထားသည့် နေရာတစ်ခုဖြစ်ပြီး စစ်ရေးပစ်မှတ်တစ်ခု မဟုတ်ပါ။
သဘောထားနှင့် တောင်းဆိုချက်
ပြည်သူများ အားကိုးအားထားပြုနေရသည့် ဆေးရုံ၊ ဆေးခန်းများ၊ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် နေရာများနှင့် အရပ်သား စစ်ဘေးရှောင်ပြည်သူများ ခိုလှုံရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေခံတန်ဖိုးများကို ထိခိုက်စေသည့် လုပ်ရပ်ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
ထို့ကြောင့် စေတနာ အာရက္ခပြည်သူအကျိုးပြုဆေးခန်း၏ စေတနာ့ဝန်ထမ်း အဖွဲ့သူ၊ အဖွဲ့သားများအနေဖြင့် အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရခြင်းနှင့် ဆေးခန်းအဆောက်အအုံများ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရခြင်းတို့အပေါ် ပြည်သူများကိုယ်စား အပြင်းအထန် ကန့်ကွက်ရှုတ်ချပါသည်။
အရပ်သားပြည်သူများ၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် တိုက်ခိုက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နေရာများနှင့် အရပ်သားများ ခိုလှုံရာနေရာများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ မပြုလုပ်ရန် အလေးအနက် တောင်းဆိုအပ်ပါသည်။
စေတနာ အာရက္ခပြည်သူအကျိုးပြုဆေးခန်း
စေတနာ့ဝန်ထမ်း အဖွဲ့သူ၊ အဖွဲ့သားများ











