စစ်ရှောင်အလှူ (၁၅၃)
အာရက္ခဒေသအတွင်း ရေဘေးသင့်ပြည်သူများအား မလေးရှားနိုင်ငံရှိ အသောကာရာမ ဆရာတော်ထံမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန် Center For Arakan Refugees Committee (ရခိုင် ဒုက္ခသည်များဆိုင်ရာ ဗဟိုကော်မတီ – မလေးရှား) မှ ကျပ် ၅၀,၀၀၀,၀၀၀ (သိန်း ၅၀) ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့ တွင် လှူဒါန်းပေးခဲ့ပါသည်။

လက်ရှိ အာရက္ခဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် မြို့နယ်နှင့် ကျေးရွာအများအပြား ရေဘေးဒဏ်ခံစားနေရပြီး ပြည်သူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရပါသည်။ နေအိမ်များ ရေနစ်မြုပ်ပျက်စီးခြင်း၊ စားနပ်ရိက္ခာ၊ သောက်သုံးရေသန့်၊ ဆေးဝါးနှင့် ယာယီအမိုးအကာများ အရေးပေါ်လိုအပ်လျက်ရှိပါသည်။ လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ ရေဘေးသင့်ပြည်သူ ၄၀,၀၀၀ ကျော် ရှိနိုင်ကြောင်း သိရပြီး၊ သေဆုံးသူနှင့် ပျောက်ဆုံးသူဆိုင်ရာ အချက်အလက်များမှာ စိစစ်ဆဲဖြစ်၍ တရားဝင်အတည်ပြုချက် မထုတ်ပြန်ရသေးပါ။




ယခုကဲ့သို့ အခက်အခဲကြုံတွေ့နေသော ပြည်သူများအတွက် မေတ္တာ၊ စေတနာဖြင့် ပါဝင်လှူဒါန်းပေးသည့် ရခိုင် ဒုက္ခသည်များဆိုင်ရာ ဗဟိုကော်မတီ (မလေးရှား)၊ အသောကာရာမ ဆရာတော်နှင့် အဖွဲ့ဝင်များအားလုံးအား အာရက္ခပြည်သူများကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ဤမွန်မြတ်သော အလှူဒါန၏ ကောင်းကျိုးကုသိုလ်အကျိုးကြောင့် ဆရာတော်အရှင်သူမြတ်နှင့်တကွ အလှူရှင်များအားလုံး သက်ရှည်ကျန်းမာ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကာ ရည်မှန်းချက်အလုံးစုံ အောင်မြင်ပြည့်ဝကြပါစေကြောင်း အာရက္ခပြည်သူများကိုယ်စား ဆုမွန်ကောင်းတောင်းအပ်ပါသည်။

